Sunday, February 3, 2013
ဇလွန်မြို့နှင့် ဗုဒ္ဓမြတ်စွာ သာသနာ
---------<><><>---------
ဇလွန်မြို့ဟာ သာသနာရေးရှုထောင့်ကကြည့်လျှင် ထူးခြားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပြည်တော်ပြန် မာရန်အောင်မြင် မြတ်စွာဘုရားကို အင်္ဂလိပ်တို့က ကြေးရည်သွန်းကာ ကျည်ဆံလုပ်ဖို့ အိန္ဒိယကို သယ်ဆောင်သွားပေမယ့် အရည်ကျိုလို့မရ ၀ိတိုရိယဘုရင်မတောင် ခေါင်းကိုက်ဝေဒနာတွေ ရပြီး နောက်ဆုံးမှာ အိပ်မက်ဆိုးတွေ မက်ကာ ပြန်ပို့ရတဲ့အထိပါပဲ။
ဘုရားကြီးကို ပြန်လည်ပင့်ဆောင်လာတဲ့အခါ မူလနေရာကို ပြန်မထားဘဲ ဟင်္သာတအနီးက သောင်ပြင်ပေါ်မှာ ပစ်ထားခဲ့ပါတယ်။ ဒီအခါ ဟင်္သာတနှင့်ဇလွန် ဘုရားကို သူပိုင်ငါပိုင် အနိုင်ငြင်းကြရာမှာ စမ္မခဏ်ဂါထာကြောင့် ဇလွန်ကဘုရားဆိုတာ ထင်ရှားခဲ့ပါတယ်။ သို့သော် ဟင်္သာတသားတို့ကလဲ သူတို့နှင့်ထိုက်လို့ သူတို့အနီးရောက်လာရကြောင်းပြောဆိုငြင်းနေလို့ နောက်ဆုံးမှာ လှေတွေနဲ့ ရေစုန်ရေဆန် ဆွဲကြတဲ့အခါ ရေကိုဆန်၍ ဇလွန်ဘက်ကိုသာ ပါခဲ့ပါတယ်။ ဒီအချက်ဟာ ဇလွန်သူ ဇလွန်သားတို့ ကုသိုလ်ထူး ဆည်းပူးနိုင်စေဖို့အတွက် အားသာချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
နောက်ထပ်တစ်ခုထူးခြားချက်ကတော့ ပဲခူးနယ်တကျောမှာ သာသနာပြုတော်မူနေတဲ့ ရဟန္တာအရှင် ဘုန်းတော်ကြီးဦးသီလဟာ ခန္ဓာဝန်ကို ဇလွန်မှာ ချတော်မူခဲ့ပါတယ်။ ခန္ဓာဝန်ချရုံသာမက နောင်လာနောက်သား ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသားတို့ ကုသိုလ်ပွားများစေရန်အတွက် ဓာတ်တွေတော်ကိုပါ ချန်ထားပေးတော်မူခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း ဇလွန်သူ ဇလွန်သား အမျိုးကောင်းသားတို့ ကုသိုလ်တရား ပွားများစေကြောင်း အခွင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဇလွန်မြေသည် သာသနာ့အောင်မြေတစ်ခုလို့ ဆိုရရင် မှားမယ်မထင်ပါဘူး။ ဒီအောင်မြေပေါ်မှာ မွေးဖွားကြီးပြင်းကြရတဲ့ ဇလွန်သူဇလွန်သားတို့ဟာလည်း အတိတ်က ကုသိုလ်ပါရမီ ကြီးမြတ်စွာ ပါခဲ့ကြရလို့ အခွင့်ကောင်းတွေကို ပိုင်ဆိုင်ခွင့် ရကြတာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို မေ့မေ့လျော့လျော့နဲ့ မနေကြဘဲ အမိအရဆုပ်ကိုင်ရယူနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment